ဒီဂျစ်တယ်(လ်)စာအုပ် ဖြန့်ဖြူးရေးဆိုင်ရာသဘောတူညီချက်များ
ဤ ဒီဂျစ်တယ်(လ်)စာအုပ်ထုတ်ဝေရေးဆိုင်ရာသဘောတူစာချုပ် (ဤမှနောင်တွင် “သဘောတူစာချုပ်” ဟု ခေါ်တွင်မည်) အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ ၌ ၂၀၁၄ ခုနှစ်၊ ဂျူလိုင်လ၃ရက်နေ့တွင် ဦး……………………. ကိုယ်စားပြုပြီးမြန်မာနိုင်ငံဥပဒေများအရ တရားဝင်ဖွဲ့စည်း တည်ထောင်လျက် အဆောင် (၁၈)၊ (၇) လွှာ၊ Myanmar ICT park ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Xan IT Solutions Co.,Ltd (ကုမ္ပဏီမှတ်ပုံတင်အမှတ်…………….) (ဤမှနောင်တွင် “ လုပ်ငန်းလက်ခံသူ” ဟု ခေါ်တွင်မည်ဖြစ်ပြီး ယင်းစကားရပ်တွင် ၄င်းအား ဆက်ခံသူများ၊ တရားဝင်ကိုယ်စားလှယ်များနှင့် အခွင့်ရကိုယ်စားလှယ်များ ပါဝင်သည်) က တစ်ဖက်နှင့် ဦး/ဒေါ်………..၊ နိုင်ငံသားမှတ်ပုံတင်အမှတ်……………………. အမှတ် ……..၊ ………လမ်း၊ ………..မြို့တွင် နေထိုင်သူ (ဤမှနောင်တွင် “လုပ်ငန်းအပ်နှံသူ” ဟု ခေါ်တွင်မည်ဖြစ်ပြီး ယင်းစကားရပ်တွင် ၄င်းအား ဆက်ခံသူများ၊ တရားဝင်ကိုယ်စားလှယ်များနှင့် အခွင့်ရကိုယ်စားလှယ်များ ပါဝင်သည်) က အခြားတစ်ဖက်တို့သည် အောက်ပါစည်းကမ်းချက်များကို သတ်မှတ်၍ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး ချုပ်ဆိုကြပါသည်။ ဤသဘောတူစာချုပ်ပါ ရည်ရွယ်ချက်များအတွက် လုပ်ငန်းလက်ခံသူ နှင့် လုပ်ငန်းအပ်နှံသူ တို့အား တစ်ဥိီးချင်းအားဖြင့် “စာချုပ်ဝင်” ဟုလည်းကောင်း၊ စုပေါင်းလျက် “စာချုပ်ဝင်များ” ဟု လည်းကောင်း ရည်ညွှန်းမည် ဖြစ်ပါသည်။
- လုပ်ငန်းလက်ခံသူ သည် ebook.xan.com.mm ဝက်ဘ်ဆိုက်အား ထူထောင်၍ အမျိုးအစားစုံလင်သော ဒီဂျစ်တယ်(လ်)စာအုပ် (e-book) များကို အများတကာ အလွယ်တကူ ဝယ်ယူဖတ်ရှုနိုင်စေရန်အတွက် အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက် ရှိပါသည်။
- လုပ်ငန်းလက်ခံသူ နှင့် လုပ်ငန်းအပ်နှံသူ တို့သည် ဤသဘောတူစာချုပ်ပါ စည်းကမ်းချက်များဖြင့် လုပ်ငန်းလက်ခံသူ ၏ အင်တာနက် ဝက်ဘ်ဆိုက်တွင် လုပ်ငန်းအပ်နှံသူ၏စာအုပ်ကိုဒီဂျစ်တယ်(လ်)စာအုပ်အဖြစ် ထုတ်ဝေဖြန့်ဖြူး ရောင်းချ သွားမည် ဖြစ်ပါသည်။
သို့ဖြစ်၍ အောက်တွင်ဖော်ပြထားသော စည်းကမ်းချက်များကို နှစ်ဦးနှစ်ဖက် နားလည်လက်ခံကြပြီး စာချုပ်ဝင်များသည် အောက်ပါအတိုင်း အသီးသီး သဘောတူညီကြပါသည်။
“လုပ်ငန်းအပ်နှံသူ” ဆိုသည်မှာ ebook.xan.com.mm ဝက်(ဘ်)ဆိုက် တွင် ဖြန့်ဖြူးရောင်းချမည့် စာအုပ်များအားရေးသားသူ စာရေးသူကိုယ်တိုင်သော်လည်းကောင်း၊ ယင်းစာရေးသူရေးသားသည့်စာအုပ်များကို ထုတ်ဝေခွင့်ရရှိသူ ကို သော်လည်းကောင်း ဆိုလိုသည်။
- စာချုပ်ဝင်များသည် ဤသဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုဆောင်ရွက်ရန် နှင့် ဤသဘောတူစာချုပ်ပါ တာဝန်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် အလို့ငှာ ငွေကြေးပြည့်စုံပြီး စာချုပ်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသူများ၊အခွင့်အာဏာရှိသူများဖြစ်ကြကြောင်း အသီးသီးကိုယ်စားပြု အာမခံကြပါသည်။
- ထုတ်ဝေမည့်စာအုပ်နှင့်စပ်လျဉ်း၍ လုပ်ငန်းအပ်နှံသူ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော လုပ်ငန်းအပ်နှံသူ များ ပါဝင်သက်ဆိုင်နေပါက အဆိုပါ လုပ်ငန်းအပ်နှံသူ များအားလုံးသည် ၄င်းတို့အနက်မှ လုပ်ငန်းအပ်နှံသူ တစ်ဦးကို ဤသဘောတူစာချုပ်အား လက်မှတ်ရေးထိုးဆောင်ရွက်ရန်အတွက် ရွေးချယ် ခန့်အပ် ကိုယ်စားပြုစေရမည်။ ဤသဘောတူစာချုပ်သည် အဆိုပါ လုပ်ငန်းအပ်နှံသူ များအားလုံး အပေါ်တွင် အကျိုးသက်ရောက်စေရမည်။
- ဤသဘောတူစာချုပ်သက်တမ်းကာလအတွင်း လုပ်ငန်းအပ်နှံသူ သည် ၄င်း၏စာအုပ်အား စာရေးသူအမည်၊ ထုတ်ဝေသူ အမည်နှင့် အမှတ်တံဆိပ်တို့ကို ဖော်ပြလျက် ဒီဂျစ်တယ်(လ်)စာအုပ် အဖြစ် ကမ္ဘာအဝှမ်း ဖြန့်ဖြူးရောင်းချခွင့်အား လုပ်ငန်းလက်ခံသူ ထံသို့ လွှဲအပ်ပါသည်။
- ဤသဘောတူစာချုပ်သည် စာအုပ်ဖြန့်ဖြူးသည့် လိုင်စင်တစ်ရပ်အဖြစ် မှတ်ယူရမည် ဖြစ်သော်လည်း လုပ်ငန်းအပ်နှံသူ ထံမှ စာအုပ်နှင့်စပ်လျဉ်းသည့် ပိုင်ဆိုင်မှု၊မူပိုင်ခွင့် သို့မဟုတ် ကုန်အမှတ်တံဆိပ်များအား လွှဲပြောင်းခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမပြုရ။
- ဤသဘောတူစာချုပ်သည် လုပ်ငန်းအပ်နှံသူအလိုက်၊ ပြုလုပ်သော သဘောတူညီချက် ဖြစ်ပါသည်။ ရောင်းချသည့်စာအုပ်မှာ အတွဲအလိုက် ထုတ်ဝေသည့်စာအုပ်ဖြစ်ပါက ဆက်လက်ရေးသားသည့်စာအုပ် အတွဲများအတွက် လုပ်ငန်းလက်ခံသူ သို့ လုပ်ငန်းအပ်နှံသူ က ပထမဦးစားပေး ရောင်းချရမည် ဖြစ်ပါသည်။
- လုပ်ငန်းအပ်နှံသူ သည် ရောင်းချမည့်စာအုပ်အတွက် ပုံနှိပ်စာမူ (၁)စုံနှင့် Microsoft Word ဖြင့် ရိုက်နှိပ်ထားသော စာမူ (၁)စုံ စုစုပေါင်း (၂)စုံ တို့ကို လုပ်ငန်းလက်ခံသူ သို့ လုပ်ငန်းအပ်နှံသူမှ ငွေပေးသွင်းပြီး ရက်သတ္တ၂ပတ်အတွင်း ပေးအပ်ရမည် ဖြစ်ပါသည်။
- အဆိုပါစာမူအား ဖြန့်ဖြူးမလုပ်ငန်းနှင့် ညီညွတ်အဆင်ပြေစေရန်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း စာချုပ်ဝင်များက သဘောတူညီလျှင် လိုအပ်ချက်နှင့်အညီ စာချုပ်ဝင်များမှ ပြင်ဆင်ဆောင်ရွက်ရမည်။
- လုပ်ငန်းအပ်နှံသူ ထံမှ စာချုပ်ဝင်နှစ်ဖက်သဘောတူညီထားသည့်အတိုင်း ပြင်ဆင်ပြီးသည့် နောက်ဆုံး စာမူကို လုပ်ငန်းလက်ခံသူ က လက်ခံရရှိပြိီးနောက် (၃ရက်)….. အတွင်း လုပ်ငန်းလက်ခံသူ ၏ကုန်ကျစရိတ်ဖြင့်၄င်း၏ဝက်ဘ်ဆိုက်တွင် ဖြန့်ဖြူးရမည် ဖြစ်ပါသည်။
- လုပ်ငန်းအပ်နှံသူ သည် ဤသဘောတူစာချုပ်အရ လုပ်ငန်းလက်ခံသူ သို့ ပေးပို့ထားသည့်စာမူအား ပုံနှိပ်ထုတ်ဝေလိုပါက စာချုပ်ဝင်နှစ်ဦးနှစ်ဖက် သီးခြား သဘောတူညီချက်ဖြင့် ဆက်လက် ဆောင်ရွက်ရမည်။
- လုပ်ငန်းလက်ခံသူ နှင့် လုပ်ငန်းအပ်နှံသူ တို့သည် စာအုပ်ရောင်းချရသည့်ငွေအား အောက်ပါအတိုင်း ခွဲဝေ ခံစားကြမည် ဖြစ်ပါသည်-
- ရောင်းချရငွေများအနက် လုပ်ငန်းလက်ခံသူ မှ (၅၀) % နှင့် လုပ်ငန်းအပ်နှံသူ မှ (၅၀) % ကိုလည်းကောင်း၊
- ဤသဘောတူစာချုပ်အရ လုပ်ငန်းလက်ခံသူ မှ ဖြန့်ဖြူးခဲ့သည့် လုပ်ငန်းအပ်နှံသူ ၏စာမူအား အခြား နိုင်ငံခြားဘာသာစကားသို့ ပြန်ဆိုခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ ရုပ်မြင်သံကြားဇာတ်လမ်း ရိုက်ကူးတင်ဆက်ခြင်း၊ ရေဒီယိုအသံလွှင့် ဇာတ်လမ်းတင်ဆက်ခြင်း သို့မဟုတ် အခြားသော အသံလွှင့်မှု၊ ရိုက်ကူးတင်ဆက်မှုများ အတွက် ရောင်းချရရှိသည့်ငွေများအား လုပ်ငန်းလက်ခံသူ နှင့် လုပ်ငန်းအပ်နှံသူ တို့သည် အောက်ပါအတိုင်း အသီးသီး ခွဲဝေခံစားကြမည် ဖြစ်ပါသည
- ရေဒီယို၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ရုပ်ရှင်လုပ်ငန်းများအတွက် လုပ်ငန်းအပ်နှံသူ မှ ၇၅ % နှင့် လုပ်ငန်းလက်ခံသူ က ၂၅ %၊
- နိုင်ငံခြားဘာသာစကားသို့ ပြန်ဆိုခြင်းများအတွက် လုပ်ငန်းအပ်နှံသူ မှ ၅၀% နှင့် လုပ်ငန်းလက်ခံသူ မှ ၅၀ %။
- အကျိုးခံစားခွင့်အဖြစ် ခွဲဝေပေးငွေများကို လစဉ် လကုန်ရက်၌ တွက်ချက်လျက် (၇) ရက်အတွင်း လုပ်ငန်းလက်ခံသူ သည် လုပ်ငန်းအပ်နှံသူ ထံသို့ ခွဲဝေပေးမည် ဖြစ်ပါသည်။(သို့မဟုတ်) အကျိုးခံစားခွင့်အဖြစ် ခွဲဝေပေးငွေများကို (၃)လလျှင် တစ်ကြိမ် တွက်ချက်လျက် (၃)လပြည့်သည့်နေ့မှ (၇)ရက်အတွင်း လုပ်ငန်းလက်ခံသူ သည် လုပ်ငန်းအပ်နှံသူ ထံသို့ ခွဲဝေပေးမည် ဖြစ်ပါသည်။)
- လုပ်ငန်းအပ်နှံသူ သည် လုပ်ငန်းလက်ခံသူ ၏ ဝက်(ဘ်)ဆိုက်ရှိမိမိ၏ကိုယ်ပိုင်မှတ်တမ်း (Account)သို့ဝင်ရောက်၍ “စာရေးသူသို့အကျိုးခံစားခွင့်ခွဲဝေမှုရှင်းတမ်း”တွင်သော်လည်း ကောင်း၊ လုပ်ငန်းလက်ခံသူ သို့စာဖြင့် မေတ္တာရပ်ခံချက်ဖြင့် သော်လည်းကောင်း ၄င်း၏စာအုပ်ရောင်းချပြီးစီးမှုစာရင်းအား ကြည့်ရှုစစ်ဆေးနိုင်မည် ဖြစ်ပါသည်။ (လုပ်ငန်းလက်ခံသူ သည် လုပ်ငန်းအပ်နှံသူ ၏ ကိုယ်ပိုင်မှတ်တမ်း (Account) အား လုပ်ငန်းလက်ခံသူ ၏ ဝက်(ဘ်)ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည့် စနစ်ကို ( Mall Menu) တည်ဆောက်ပြီးစီးခြင်းမရှိမီ လုပ်ငန်းလက်ခံသူ သို့စာဖြင့်မေတ္တာ ရပ်ခံချက်ဖြင့်သာ၄င်း၏ စာအုပ်ရောင်းချမှုစာရင်းအား တောင်းယူစစ်ဆေးနိုင်မည် ဖြစ်ပါ သည်။)
- လုပ်ငန်းလက်ခံသူ သည် လုပ်ငန်းအပ်နှံသူ ထံသို့ အကျိုးခံစားခွင့်ခွဲဝေပေးရာတွင် ………….စနစ်ဖြင့် လုပ်ငန်းအပ်နှံသူ မှ သတ်မှတ်ပေးထားသည့် ဘဏ်ငွေစာရင်းသို့ မြန်မာကျပ်ငွေဖြင့်သာ လွှဲပြောင်းပေးမည်ဖြစ်ပါသည်။
- လုပ်ငန်းအပ်နှံသူ သည် အောက်ပါအချက်များကို တာဝန်ယူအာမခံပါသည်
- လုပ်ငန်းအပ်နှံသူ သည် စာအုပ်အား ကိုယ်တိုင်ရေးသားပြီး တရားဝင်ပိုင်ဆိုင် ရောင်းချခွင့်ရှိသူ ဖြစ်ပါသည်၊
- လုပ်ငန်းအပ်နှံသူ သည် စာအုပ်နှင့်စပ်လျဉ်းသည့် အခွင့်အရေးများကို တရားဝင် အပြည့်အဝ လွှဲအပ် ဆောင်ရွက်နိုင်ခွင့်ရှိသူတစ်ဦးဖြစ်ပါသည်၊
- လုပ်ငန်းအပ်နှံသူ သည် ၄င်းရောင်းချသည့် စာအုပ်အချက်အလက်များမှာ အခြားသူတစ်ဦးဦး၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုအခွင့်အရေး၊ ထုတ်ဝေမှုအခွင့်အရေး၊ မူပိုင်ခွင့်၊ သို့မဟုတ် အခြားအခွင့်အရေးများကို ထိခိုက်စေခြင်း မရှိကြောင်း တာဝန်ယူပါသည်။
- လုပ်ငန်းအပ်နှံသူ သည် စာအုပ်ပါအချက်အလက်များအတွက် တာဝန်ရှိပြီး ဥပဒေချိုးဖောက်မှုတစ်စုံတစ်ရာ မရှိစေရန် တာဝန်ယူပါသည်။ စာအုပ်ပါ အချက်အလက်များကြောင့် လုပ်ငန်းလက်ခံသူ ၏ လုပ်ငန်းကိုလည်းကောင်း၊ သုံးစွဲသူများ ကိုလည်းကောင်း ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေရန် တာဝန်ယူပါသည်။
- လုပ်ငန်းအပ်နှံသူ သည် မိမိနှင့်စပ်လျဉ်း၍လည်းကောင်း၊ စာအုပ်နှင့် စပ်လျဉ်း၍လည်းကောင်း ဖော်ပြချက်များသည် မှန်ကန်ကြောင်း တာဝန်ယူပါသည်။
- လုပ်ငန်းအပ်နှံသူ သည် လုပ်ငန်းလက်ခံသူ ထံသို့ လွှဲအပ်သည့်အခွင့်အရေးများနှင့် စပ်လျဉ်း၍ အခြားသော တတိယပုဂ္ဂိုလ်တစ်ဦးဦးနှင့် အငြင်းပွားဖွယ်ရာများ မရှိကြောင်း အာမခံပါသည်။
- လုပ်ငန်းအပ်နှံသူ သည် လုပ်ငန်းလက်ခံသူ ၏ ဝန်ဆောင်မှုများကို သုံးစွဲသူများထံ အပြည့်အဝ ပံ့ပိုးပေးနိုင်ရန်အလို့ငှာ စာအုပ်အချက်အလက်များအား ကူးယူသုံးစွဲနိုင်ရေးအတွက် လွတ်လပ်စွာအသုံးပြုခွင့်ပေးမည် ဖြစ်ပါသည်။
- လုပ်ငန်းအပ်နှံသူ သည် လုပ်ငန်းလက်ခံသူ ၏ဝက်ဘ်ဆိုက်တွင် ၄င်းရောင်းချမည့်စာအုပ်၏်ဒီဂျစ်တယ်(လ်)နည်းဖြင့် ပြုပြင်ပြောင်းလဲ ထားသည့်စာအုပ် (Epub သို့မဟုတ် PDF File)အား လုပ်ငန်းလက်ခံသူ မှ ရယူထားရှိခွင့်ရှိကြောင်းနှင့် အခြားသုံးစွဲသူများထံသို့ ရောင်းချခွင့်ရှိကြောင်း သဘောတူပါသည်။ထို့အပြင်သုံးစွဲသူ လေ့လာနိုင်ရန်အတွက် စာအုပ်နှင့်စပ်လျဉ်းသည့် အကျဉ်းချုပ်၊ စာအုပ်ပါအကြောင်းအရာ၊ နိုင်ငံတကာစာအုပ်နံပါတ်သတ်မှတ်ချက် (ISBN) စသည်များကို လုပ်ငန်းလက်ခံသူ ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြနိုင်ခွင့်၊ ကြော်ငြာခွင့် ပြုပါသည်။
- လုပ်ငန်းအပ်နှံသူ သည် စာချုပ်သက်တမ်းကာလအတွင်း လုပ်ငန်းလက်ခံသူ ၏ဝက်(ဘ်)ဆိုက်တွင် တင်ပြရောင်းချသည့်စာအုပ်အား လုပ်ငန်းလက်ခံသူ ၏ စာဖြင့် ကြိုတင်သဘောတူခွင့်ပြုချက် မရရှိဘဲ အခြားဝက်ဘ်ဆိုက်များတွင် ရောင်းချခြင်း မပြုကြောင်း အာမခံပါသည်။
- လုပ်ငန်းအပ်နှံသူသည်လုပ်ငန်းလက်ခံသူ၏ဝက်ဘ်ဆိုက်တွင် ရောင်းချမည့် ယင်း၏စာအုပ်ကို ဒီဂျစ်တယ်(လ်)နည်းဖြင့် ပြုပြင် ပြောင်းလဲထားသည့်စာအုပ်(EPub သို့မဟုတ် PDF File) ဖြင့်ပေးအပ်နိုင်ခြင်းမရှိပါက လုပ်ငန်းလက်ခံသူ ၏ ဝန်ဆောင်မှုကိုအသုံးပြု၍ ယင်းရောင်းချမည့်စာအုပ်အား ဒီဂျစ်တယ်(လ်)နည်းဖြင့်ပြုပြင်ပြောင်းလဲရန်အတွက် လုပ်ငန်း လက်ခံသူသို့သတ်မှတ်ထားသည့်ဝန်ဆောင်ခကိုပေးချေပြီးလုပ်ငန်းအပ်နှံခြင်းပြုလုပ် မည် ဖြစ်ပါသည်။
- လုပ်ငန်းလက်ခံသူ ၏ဝက်ဘ်ဆိုက်တွင် တင်ပြရောင်းချမည့်စာအုပ်အား EPub၊ Pdf ဖိုင်ဖြင့် ပြလုပ်ရမည်ဖြစ်ပြီး မျက်နှာဖုံး၊ အတွင်းစာသားများ၊ ပုံနှင့် ဇယားစသည်များကို ကောင်းမွန်စွာဖတ်ရှုနိုင်မည့် ပုံရိပ်အရည်အသွေး အနည်းဆုံး (300 dpi) ရှိရမည် ဖြစ်ပါသည်။ စာမျက်နှာအနားအနေဖြင့် အနည်းဆုံး လက်ဝဲဘက်တွင် (၁.၂၅) လက်မ၊ လက်ယာဘက်တွင် (ဝ.၅) လက်မ၊ အထက်နှင့် အောက်တွင် (ဝ.၅) လက်မစီ ကျန်ရှိရမည် သို့မဟုတ် စာအုပ်ထုတ်ဝေခြင်းဆိုင်ရာ အခြားစံနှုန်းသတ်မှတ်ချက်တစ်ရပ်ရပ်နှင့် ညီညွတ်ရမည် ဖြစ်ပါသည်။
- လုပ်ငန်းလက်ခံသူ တွင် လုပ်ငန်းအပ်နှံသူ ၏စာအုပ်အား တစ်စုံတစ်ရာ တည်းဖြတ်ပြင်ဆင်ခွင့် မရှိကြောင်း လုပ်ငန်းအပ်နှံသူ မှ သိရှိနားလည်သည့်အတွက် သုံးစွဲသူမှ စာအုပ်အား အဆင်ပြေစွာဖတ်ရှုနိုင်စေရန်အလို့ငှာ လုပ်ငန်းအပ်နှံသူ သည် အကောင်းဆုံး တည်းဖြတ် ပြင်ဆင်ပြီး ချို့ယွင်းချက်မပါရှိစေရန် ပြုစုဆောင်ရွက်ရမည် ဖြစ်ပါသည်။ အကယ်၍ ရောင်းချသည့် စာအုပ်တွင် ချို့ယွင်းချက်ပါရှိသဖြင့် သုံးစွဲသူမှ ပြန်လည်ပေးအပ်ရန် အကြောင်းကြားလာပါက လုပ်ငန်းအပ်နှံသူ သည် အဆိုပါစာအုပ်အစား ကောင်းမွန်သည့်စာအုပ်ဖြင့် လုပ်ငန်းလက်ခံသူ က အကြောင်းကြားသည့်နေ့မှ (၇) ရက် အတွင်း ပြန်လည်လဲလှယ် ပေးရမည် ဖြစ်ပါသည်။
- လုပ်ငန်းလက်ခံသူ အနေဖြင့် လုပ်ငန်းအပ်နှံသူ ၏စာအုပ်နှင့် စပ်လျဉ်း၍ အနည်းဆုံး ရောင်းချရမည့်အရေအတွက်အပေါ် သတ်မှတ်တာဝန်ယူမည် မဟုတ်ပါ။ သို့ဖြစ်၍ လုပ်ငန်းလက်ခံသူ သည် လုပ်ငန်းအပ်နှံသူ မျှော်မှန်းသည့် စာအုပ်အရေအတွက် သတ်မှတ်ချက်အား ပြည့်မီစေရန် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့်အပေါ် တစ်စုံတစ်ရာ တာဝန်ရှိမည် မဟုတ်ပါ။
- လုပ်ငန်းအပ်နှံသူ တွင် စာအုပ်မူပိုင်ခွင့်အားအပြည့်အဝ ပိုင်ဆိုင်မှုရှိပြီး အဆိုပါ မူပိုင်ခွင့်ဆိုင်ရာကို လုပ်ငန်းလက်ခံသူ မှ ဖော်ပြပေးရမည် ဖြစ်ပါသည်။
- လုပ်ငန်းလက်ခံသူ သည် လုပ်ငန်းအပ်နှံသူ ကိုယ်စား လုပ်ငန်းအပ်နှံသူ ၏အမည်ဖြင့် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးရမည်။
- စာချုပ်သက်တမ်းကာလအတွင်း မူပိုင်ခွင့်ချိုးဖောက်ခံရပါက လုပ်ငန်းလက်ခံသူ ကသော်လည်းကောင်း၊ လုပ်ငန်းအပ်နှံသူ ကသော်လည်းကောင်း မိမိ၏ကုန်ကျစရိတ်ဖြင့် အဆိုပါ ချိုးဖောက်မှုအား ရပ်တန့်စေရန် နှင့် ချိုးဖောက်သူထံမှ နစ်နာကြေးများ ရရှိစေရန် လိုအပ်သော တရားစွဲဆိုမှုများကို ဆောင်ရွက်နိုင်သည်။
- ဤသဘောတူစာချုပ်၏ သက်တမ်းသည် အပိုဒ် ၁၅ ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် စောစီးစွာစာချုပ်ရပ်စဲရခြင်းမရှိလျှင် စာချုပ်စတင်အကျိုးသက်ရောက်သည့်နေ့မှစ၍ (၅) နှစ်အထိတည်ရှိသည်။ စာချုပ်ဝင်များသည် စာချုပ်သက်တမ်းအား ထပ်မံတိုးမြှင့်လိုပါက စာချုပ် သက်တမ်းမကုန်ဆုံးမီ (၃၀) ရက် အလိုတွင် အပြန်အလှန်စာဖြင့်ရေးသား အကြောင်းကြားပြီးနောက် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဆောင်ရွက်ရမည်။
- ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး ချုပ်ဆိုသည့်နေ့တွင် စတင်အကျိုးသက်ရောက်မည် ဖြစ်ပါသည်။
- ဤသဘောတူစာချုပ်အား စာချုပ်ဝင်များ၏ စာဖြင့် ရေးသား၍ အပြန်အလှန် သဘောတူညီမှု မပါရှိဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းမပြုလုပ်ရ။ သို့ရာတွင် စာအုပ်ထုတ်ဝေခြင်းဆိုင်ရာ အခြေအနေများ ပြောင်းလဲခြင်း သို့မဟုတ် လုပ်ငန်းလက်ခံသူ၏ ဝက်(ဘ်)ဆိုက်ဝန်ဆောင်မှုကို တိုးတက်ကောင်းမွန်စေရန် ပြုလုပ်ခြင်းများအတွက် လိုအပ်လာလျှင် လုပ်ငန်းလက်ခံသူသည် ဤသဘောတူစာချုပ်အား မိမိ၏ဆုံးဖြတ်ချက်ဖြင့်ပြင်ဆင်ခွင့်ရှိပြီးလုပ်ငန်းအပ်နှံသူမှဆက်လက်ဆောင်ရွက်လိုသည့်ဆန္ဒရှိလျှင် အဆိုပါပြင်ဆင်သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာရန် သဘောတူညီရပါမည်။
- စာချုပ်ဝင်တစ်ဦးဦးသည် အခြားစာချုပ်ဝင်တစ်ဦးက သဘောတူစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း အပါအဝင် မည်သည့်အကြောင်းကြောင့်ဖြစ်စေ အခြားစာချုပ်ဝင်ထံသို့ ရက်ပေါင်း (၃၀) စာဖြင့် ကြိုတင်အကြောင်းကြားလျက် စာချုပ်အား ရပ်စဲနိုင်ပါသည်။
- စာချုပ်အား ရပ်စဲသည့်အခါ လုပ်ငန်းလက်ခံသူသည် ၄င်းထံသို့ လုပ်ငန်းအပ်နှံသူ မှ လွှဲအပ်ထားသည့်အခွင့်အရေးများအားလုံးနှင့် စာမူများ၊ စာမူမိတ္တူများအာလုံးကို လုပ်ငန်းအပ်နှံသူ ထံသို့ စာချုပ်ရပ်စဲသည့်နေ့မှ (၁၄) ရက်အတွင်း ပြန်လည် လွှဲအပ်ရမည့်အပြင် လုပ်ငန်းလက်ခံသူ ၏ဝက်(ဘ်)ဆိုက်တွင် အဆိုပါစာအုပ်အား တင်ပြ ရောင်းချခြင်းမှ ဖျက်သိမ်းဖယ်ရှားရမည်။ သို့ရာတွင် စာအုပ်အား ဝယ်ယူပြီး ဖြစ်သည့် အသုံးပြုသူ၏ဆက်လက်အသုံးပြုခွင့်တစ်စုံတစ်ရာကိုထိခိုက်စေခြင်းမရှိစေရန်စာချုပ်ဝင်များက စီမံဆောင်ရွက်ထားရှိရပါမည်။
- အထက်အပိုဒ်များပါ စာချုပ်ရပ်စဲနိုင်သည့်ကိစ္စရပ်နှင့် မသက်ဆိုင်စေဘဲ လုပ်ငန်းလက်ခံသူ သည် ၄င်း၏လုပ်ငန်းကို ဖျက်သိမ်းသည့်အခါ သို့မဟုတ် လူမွဲဖြစ်သည့်အခါတွင် ဤသဘောတူစာချုပ်သည် ထိုဖြစ်ရပ်ပေါ်ပေါက်သည့်နေ့တွင် ချက်ချင်း ရပ်စဲမည်ဖြစ်ပါသည်။ ထိုအခါ လုပ်ငန်းလက်ခံသူ သည် ၄င်းထံသို့ လုပ်ငန်းအပ်နှံသူ မှ လွှဲအပ်ထားသည့် အခွင့်အရေးများအားလုံးနှင့် စာမူများကို လုပ်ငန်းအပ်နှံသူ ထံသို့ စာချုပ်ရပ်စဲသည့်နေ့တွင် ပြန်လည်လွှဲအပ်ရမည်။
- စာချုပ်ရပ်စဲသည့်အခါ ထိုသို့စာချုပ်ရပ်စဲသည်ု့နေ့အထိ လုပ်ငန်းအပ်နှံသူ ရရှိမည့် အကျိုးခံစားခွင့်များကို လုပ်ငန်းလက်ခံသူ က အပြည့်အဝ ပေးချေရမည်။
- စာချုပ်ဝင်များသည် မိမိတို့နှင့်သက်ဆိုင်သည့် အခွန်အခအသီးသီးကို ကျခံရမည်။ လုပ်ငန်းအပ်နှံသူ သည် သက်ဆိုင်ရာဥပဒေအရ ရောင်းချရငွေမှ နှုတ်ပယ်ခွန် (withholding tax) အား ကျခံရမည် ဖြစ်သည်။
- လုပ်ငန်းလက်ခံသူ သည် လုပ်ငန်းအပ်နှံသူ ၏ စာဖြင့် သဘောတူညီခွင့်ပြုခြင်း မရှိလျှင် ဤသဘောတူညီချက်၏ တစ်စိတ်တစ်ဒေသကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ အခြားသူတစ်ဦးထံ လွွှဲအပ်ခြင်း မပြုရ။ လုပ်ငန်းလက်ခံသူ ၏လုပ်ငန်းရပ်တည်မှုပုံစံ တရားဝင်ပြောင်းလဲခြင်း၊ သို့မဟုတ် အခြားသူတစ်ဦးဦးက ပိုင်ဆိုင်ခြင်း သို့မဟုတ် ၄င်း၏လုပ်ငန်းတွင် ပိုင်ဆိုင်မှုပြောင်းလဲခြင်းများ ဖြစ်ပေါ်ခဲ့လျှင် ဤသဘောတူစာချုပ်တွင် ဖော်ပြပါရှိသော လုပ်ငန်းလက်ခံသူ ၏ တာဝန်နှင့် အခွင့်အရေးများအားလုံးသည် အဆိုပါ ဆက်လက် ဆက်ခံသူအပေါ် ကျရောက်စေရမည်။
- လုပ်ငန်းအပ်နှံသူ သေဆုံးသည့်ကိစ္စရပ်တွင် လုပ်ငန်းလက်ခံသူ မှ လုပ်ငန်းအပ်နှံသူ သို့ ပေးချေရမည့် အကျိုးခံစားခွင့်များကို လုပ်ငန်းအပ်နှံသူ ၏ ဥပဒေနှင့်အညီ ဆက်ခံခွင့်ရှိသူ (များ)ထံသို့ မူပိုင်ခွင့်ဆက်လက် တည်ရှိသည့် ကာလတစ်လျှောက် ပေးအပ်ရမည်။
- စာချုပ်ဝင်တစ်ဦးသည် ၄င်း၏ ပေါ့လျော့မှုများ၊ ပြုလုပ်မှုများ သို့မဟုတ် ပျက်ကွက်မှု များကြောင့်ဖြစ်ပေါ်သော ထိခိုက်နစ်နာစေမှု၊ ပျက်စီးဆုံးရှုံးမှုတို့အပေါ် တတိယ ပုဂ္ဂိုလ်တစ်ဦးဦးမှ တင်ပြတောင်းဆိုမှုများ၊ တရားစွဲဆိုမှုများအတွက် တာဝန်ရှိပြီး အဆိုပါ တောင်းဆိုမှုများနှင့် စပ်လျဉ်း၍ အခြားစာချုပ်ဝင်ကို မထိခိုက်စေရန် တာဝန်ယူ ဆောင်ရွက်ရမည်။
- လုပ်ငန်းလက်ခံသူ ၏ တာဝန်ရှိမှု လျော်ကြေးငွေသည် မည်သည့်ကိစ္စရပ်တွင်မဆို လုပ်ငန်းအပ်နှံသူ ၏ စာအုပ်အား သက်ဆိုင်ရာလတစ်လအတွင်း ရောင်းချရငွေ စုစုပေါင်းထက် ကျော်လွန်ခြင်းမရှိစေရ။
- ဤသဘောတူစာချုပ် သက်တမ်းကာလအတွင်းနှင့် ထိုကာလကျော်လွန်သည့်တိုင်၊ လုပ်ငန်းလက်ခံသူ နှင့် ၄င်း၏ဝန်ထမ်းများသည် လုပ်ငန်းအပ်နှံသူ ၏ ကြိုတင်စာဖြင့် သဘောတူခွင့်ပြုချက် မပါရှိဘဲ ၄င်း၏ လျှို့ဝှက်ထိန်းသိမ်းထားရှိရမည့် အချက်အလက်များကို ဥပဒေအရ ဆောင်ရွက်ရသည့်ကိစ္စရပ်မှအပ အခြားတတိယ ပုဂ္ဂိုလ်တစ်ဦးဦးထံ ထုတ်ဖော် ပြောဆိုခြင်း မပြုရ။
- ဤသဘောတူစာချုပ်နှင့် စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့်အညီ လွှမ်းမိုးသက်ရောက်စေရမည်။
- လုပ်ငန်းလက်ခံသူ နှင့် လုပ်ငန်းအပ်နှံသူ အကြားတွင် ဤသဘောတူစာချုပ်နှင့်စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက ပထမဦးစွာ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းကြမည် ဖြစ်ပါသည်။
- ထိုသို့ နှစ်ဦးနှစ်ဖက်အကြား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်း မရှိပါက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်းရှိ စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးတစ်ခုခုတွင် ဖြေရှင်း ဆောင်ရွက်ကြမည် ဖြစ်ပါသည်။
- ဤသဘောတူစာချုပ်အရ ဆောင်ရွက်ရမည့်တာဝန်များ ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်ပေါ်လာလျှင် မလွန်ဆန်နိုင်သောဖြစ်ရပ်နှင့်အညီဖြစ်ပါက နှစ်ဦးနှစ်ဖက်က ကင်းလွတ်ခွင့်ပြုရမည်။ ယင်းမလွန်ဆန်နိုင်သောဖြစ်ရပ်ကြောင့် တစ်ဖက်မှ မိမိလိုက်နာဆောင်ရွက်ရမည့် တာဝန်တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ၊ ခေတ္တ ဆိုင်းငံ့ရမည့် အခြေအနေပေါ်ပေါက်လာလျှင် ထိုသို့ဆိုင်းငံ့ရမည့်ဖြစ်ရပ်နှင့် ဖြစ်တန်ရာသည့် ကာလတို့ကို ဖော်ပြလျက် ထိုဖြစ်ရပ်ပေါ်ပေါက်သည့်နေ့မှ (၁၄)ရက်အတွင်း နစ်နာသူအခြား တစ်ဖက်သို့ စာဖြင့် အကြောင်းကြားရမည်။ ဤသို့အကြောင်းကြားခြင်းကို အခြားတစ်ဖက်မှ အတည်ပြုလက်ခံမှသာလျှင် မလွန်ဆန်နိုင်သောဖြစ်ရပ်မြောက်ပြီး ထိုနစ်နာသောအချိန်ကာလ အတွက် တာဝန်ဝတ္တရားများ ရပ်ဆိုင်းရမည်။ ထိုမလွန်ဆန်နိုင်သော အခြေအနေများကို အမြန်ဆုံး ကျော်လွှားနိုင်အောင် ဆောင်ရွက်ရမည်။မလွန်ဆန်နိုင်သောဖြစ်ရပ်မှ ပေါ်ပေါက် လာသည့် ကြန့်ကြာမှု၊ ဆုံးရှုံးမှုများအတွက် မည်သည့်ဘက်တွင်မှ တာဝန်မရှိစေရ။
- မလွန်ဆန်နိုင်သောဖြစ်ရပ်ဆိုသည်မှာ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း၊ နိုင်ငံတော် အစိုးရ၏ကန့်သတ်တားမြစ်ချက်များ၊ သပိတ်မှောက်ခြင်း၊ အလုပ်သမားများ၏ နှောက်ယှက် ခြင်း၊ စစ်ဖြစ်ပွားခြင်း၊ ပိတ်ဆို့မှု၊ ဆူပူမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု ကူးစက်ရောဂါ ဖြစ်ပွားမှု၊ လူထုအုံကြွမှု၊ ပေါက်ကွဲမှု၊ မီးလောင်မှု၊ ရေကြီးမှု၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းကျခြင်း နှင့် အခြားအလားတူ ထိန်းချုပ်၍ မရနိုင်သောဖြစ်ရပ်များ သို့မဟုတ် မည်သည့်ဘက်ကမျှ ကြိုးစား အားထုတ်မှုဖြင့် တားဆီးမရနိုင်သောဖြစ်ရပ်များ ပါဝင်သည်။
- ဤသဘောတူစာချုပ်အရ စာချုပ်ဝင်များအကြား အကြောင်းကြားခြင်းနှင့် အခြားဆက်သွယ် ဆောင်ရွက်မှုများကို ပြုလုပ်သည့်အခါ အခြားနည်းဖော်ပြထားခြင်းမရှိလျှင် (၁) ဆက်သားဖြင့် လည်းကောင်း၊ (၂) အီးမေးလ် ဖြင့်လည်းကောင်း၊ (၃) ဖက်စ်ဖြင့် လည်းကောင်း၊ သို့မဟုတ် (၄) စာတိုက်မှလည်းကောင်း အောက်တွင်ဖော်ပြပါရှိသည့် စာချုပ်ဝင်၏လိပ်စာသို့ ဆက်သွယ်အကြောင်းကြားရမည်။
- (က) လုပ်ငန်းလက်ခံသူ သို့
လိပ်စာ အတွက် အဆောင် (၁၈)၊ (၇) လွှာ၊ Myanmar ICT park ၊ လှိုင်မြို့နယ်၊ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အီးမေးလ် contact@xan.com.mm ဖုန်းနံပါတ် 01-2305108,01-2305109,01-2305110,01-652239,01-652270 ဖက်စ် 01-652271 လိပ်မူသူ မန်နေဂျာ(ဒီဂျစ်တယ်လ်စာအုပ်လုပ်ငန်း) - (ခ) လုပ်ငန်းအပ်နှံသူ သို့
လိပ်စာ ------------------------------------ အီးမေးလ် ------------------------------------ ဖုန်းနံပါတ် ------------------------------------ ဖက်စ် ------------------------------------ လိပ်မူသူ ------------------------------------ - စာချုပ်ဝင်တစ်ဦးက ပြုလုပ်သည့်အကြောင်းကြားစာ သို့မဟုတ် အခြားဆက်သွယ် ဆောင်ရွက်မှုတစ်ရပ်ရပ်သည် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ပြီးလျှင် အကျိုးသက် ရောက်စေရမည်။
- ဆက်သားဖြင့် လူကိုယ်တိုင်ပေးအပ်သည့်အခါ ထိုသို့ပေးအပ်သည့်နေ့တွင် အကျိုး သက်ရောက်သည်၊
- ဖက်စ်ဖြင့်ပေးပို့လျှင် ပေးပို့သည့်နေ့တွင် ပေးပို့သည့်စက်မှ ပေးပို့ပြီးကြောင်း အတည်ပြုချက်နှင့်အတူ ရရှိသည့်အခါ အကျိုးသက်ရောက်သည်၊
- စာတိုက်မှပေးပို့လျှင် ကြိုတင်စာပို့ခပေးချေပြီး ပေးပို့သည့်နေ့မှ (၇)ရက်မြောက်နေ့တွင် အကျိုးသက်ရောက်သည်။
- စာချုပ်ဝင်များသည် လိပ်စာပြောင်းလဲမှုရှိသည့်အခါတိုင်း အခြားစာချုပ်ဝင်ထံအဆိုပါ ပြောင်းလဲမှုအား စာ သို့မဟုတ် အီးမေးလ်ဖြင့် ရေးသားအကြောင်းကြားရမည် ဖြစ်ပြီး ထိုသို့အကြောင်းကြားမှုသည် လက်ခံရရှိသည့်အခါတွင် အကျိုးသက်ရောက်သည်။
- ဤသဘောတူစာချုပ်သည် စာချုပ်ဝင် နှစ်ဦးနှစ်ဖက် အတည်ပြုထားသော ပြီးပြည့်စုံသော သဘောတူညီချက်ဖြစ်ပြီးဤကိစ္စနှင့်စပ်လျဉ်း၍ ယခင်က နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့် သော်လည်းကောင်း ဆွေးနွေးမှုများ၊ ကိုယ်စားပြုခြင်းများ၊ အဆိုပြုချက်များ၊ နားလည်မှုများ သို့မဟုတ် သဘောတူညီချက်များ အားလုံးကို လွှမ်းမိုးစေရမည်။
- ဤသဘောတူညီချက်ပါ စည်းကမ်းချက်တစ်ရပ်ရပ်သည် အခွင့်အာဏာရှိသော တရားရုံး၏ ဆုံးဖြတ်ချက်အရတရားမဝင်ခြင်း၊ အတည်မဖြစ်ခြင်း များရှိပါက ဤအချက်သည် သဘောတူ စာချုပ်ပါ အခြားသောစည်းကမ်းချက်များကို ထိခိုက်ခြင်းမရှိစေရဘဲ ဆက်လက် အကျိုး သက်ရောက်စေရမည်။ စာချုပ်ဝင်များသည် ၎င်းတို့၏ရည်ရွယ်ချက်နှင့် ညီညွတ်စေမည့် တရားဝင်အတည်ပြုနိုင်သော စည်းကမ်းချက်ဖြင့် ပြင်ဆင် အစားထိုးဆောင်ရွက်နိုင်ရေး အတွက် ရိုးဖြောင့်သောသဘောဖြင့် ဆွေးနွေးရန် သဘောတူကြသည်။
- လုပ်ငန်းလက်ခံသူ နှင့် လုပ်ငန်းအပ်နှံသူ တို့အကြား ဆက်နွယ်ဆောင်ရွက်မှုသည် ဖက်စပ်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ် အဖြစ်ပြုမူခြင်း၊ အရောင်းကိုယ်စားလှယ် သို့မဟုတ် အလုပ်ရှင် အလုပ်သမား ကဲ့သို့ ဆက်သွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သတ်မှတ်ခြင်း မရှိစေရမည့်အပြင် စာချုပ်ဝင်များသည် ထိုသို့ ပြုမူဆောင်ရွက်ခြင်းမျိုးလည်း မရှိစေရ။
- စာချုပ်ဝင်တစ်ဦးမှ ဤသဘောတူစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်အား ဆောင်ရွက်ရန် ပျက်ကွက်မှုအပေါ် အခြားစာချုပ်ဝင်က အရေးယူဆောင်ရွက်မှုမပြုခြင်းသည် နောင်တွင် အဆိုပါစည်းကမ်းချက်ကိုဖြစ်စေ၊ အခြားစည်းကမ်းချက်များကိုဖြစ်စေ ပျက်ကွက်မှုများအတွက် စွန့်လွှတ်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရ။
- ဤသဘောတူစာချုပ်အားမူရင်းခွဲ (၂)စောင် ပြုလုပ်၍ လက်မှတ်ရေးထိုးချုပ်ဆိုကြပြီး အဆိုပါမူရင်းခွဲတစ်စောင်စီသည် တူညီစွာအကျိုးသက်ရောက်မှုရှိသော စစ်မှန်သော မူရင်းများ အဖြစ် မှတ်ယူရမည်။ သက်သေထင်ရှားစိမ့်သောငှာ၊ စာချုပ်ဝင်များသည် ဤသဘောတူစာချုပ်အား အထက်တွင်ဖော်ပြခဲ့သော ရက်၊ လ၊ ခုနှစ် တွင် မိမိတို့၏ အမည်များကိုဖော်ပြလျက် အသီးသီး လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ် ချုပ်ဆိုဆောင်ရွက်ကြပါသည်။
လက်မှတ်
အမည်
ရာထူး
လိပ်စာ
------------------------------------
------------------------------------
------------------------------------
------------------------------------
လက်မှတ်
အမည်
မှတ်ပုံတင်အမှတ်
လိပ်စာ
------------------------------------
------------------------------------
------------------------------------
------------------------------------
အသိသက်သေများ
------------------------------------
လက်မှတ်
အမည်
ရာထူး
လိပ်စာ
------------------------------------
------------------------------------
------------------------------------
------------------------------------
------------------------------------
လက်မှတ်
အမည်
မှတ်ပုံတင်အမှတ်
လိပ်စာ
------------------------------------
------------------------------------
------------------------------------
------------------------------------